ပလောက် ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ ချယ်ရီပန်းများစိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျွန်မတို့က ဂန္ဓာမာပန်းစိုက်ပျိုးရန်အတွက် တောင်ကြီးမြို့ကနေ ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးရတာဖြစ်ပြီး တစ်ပင်လျှင် ၁၅ ကျပ်၊ ၁၆ ကျပ် အစားစားပေးဝယ်ရပါတယ်၊ တစ်ပင်နှင့်တစ်ပင် ၃ လက်မကွာခြား၍ စိုက်ပျိုးရပါတယ်၊ ပန်းပင်များသန်မာပြီး အပွင့်ကြီးထွားမှုကောင်းစေရန်အတွက် သဘာဝမြေဇာဖြစ်သည့် နွားချေးများကို မြေခံအဖြစ်အသုံးပြု၍ အတန်းလိုက်စိုက်ပျိုးရပါတယ်၊ ပျိုပင်များစိုက်ပျိုးပြီးရင် ရေကိုတော့ နေ့တိုင်းလောင်းပေးရပါတယ်၊ ရေကိုစက်မောင်းပြီးပိုက်လုံးဖြင့် ပန်းခင်းထဲကို ရေသွင်းလောင်းရပါတယ်၊ ဂန္ဓာမာပန်းစိုက်ပျိုးထားတာကတော့ ပျိုးပင် (၄၀၀၀၀)ကျော် စိုက်ပျိုးထားပါတယ်၊ ပန်းရောင်းတာကတော့ (၁၀) ကိုင်းစီးတစ်စီးကို (၂၀၀၀)ကျပ်ရောင်းရပါတယ်၊ ဂန္ဓာမာပန်းကြိုက်သူများကတော့ ပန်းခင်းထဲအထိ လာရောက်ဝယ်ယူလျက်ရှိပါတယ်၊ ပလောက်မြို့ဈေးမှာလည်း လက်လီ၊ လက်ကား သွားရောက်ရောင်းပါတယ်၊ ပန်းများလှိုင်လှိုင် ပွင့်သည့်ရက်များဆိုလျှင် တစ်နေ့ရောင်းရငွေ (၃၀၀၀၀)ကျပ် ကနေ (၅၀၀၀၀) ကျပ်ထိ ရသည့်အတွက် မိသားစုစားဝတ်နေရေးလေးတော့ အဆင်ပြေပါတယ် အမှတ်(၁)ရပ်ကွက်နေ ဂန္ဓာမာပန်းစိုက်ပျိုးရောင်းချသူ ဒေါ်မီးဇင်ကပြောကြားခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်