ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်တွင် (၄၇)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယစာတော်ပြန်ပွဲ ဆုနှင်းသဘင်ပွဲအခမ်းအနား ကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ ၆

ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်တွင် (၄၇)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယစာတော်ပြန်ပွဲ ဆုနှင်းသဘင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ လယ်ဝေးမြို့ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တဥက္ကံသ (တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်)အမှူးပြုသော ပင့်သံဃာ(၁၀)ပါး၊ စာအောင်သာမဏေ (၁၇၃)ပါး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ ဒက္ခိဏခရိုင်သာသနာရေးမှူး ဦးကျော်ဝင်းအောင်၊ ပျဉ်းမနားမြို့နယ်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အလှူရှင်များစုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် စည်ပင်သာယာ ရွာဦးကျောင်းတိုက်ဆရာတော် ပဓာနနာယကဘဒ္ဒန္တ ဣန္ဒာစက္ကထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်၊ ဦးစီးပဓာန နာယကဘဒ္ဒန္တစန္ဒောဘာသမှ ပရိယတ္တိအကြောင်းသိကောင်းစရာများ သြဝါဒကထာ ချီးမြှင့်ခဲ့သည်။ ထို့နောက် ပထမအဆင့်အောင်မြင်သူ (၁၀၃)ပါး၊ ဒုတိယအဆင့်အောင်မြင်သူ (၃၅)ပါး၊ တတိယအဆင့်အောင်မြင်သူ(၂၁)ပါး၊ ပထမကြီးတန်းအောင်မြင်သူ(၃)ပါး၊ ပထမငယ်တန်းအောင်မြင်သူ(၄)ပါး၊ မူလတန်းအောင်မြင်သူ(၆)ပါး တို့အားစာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိလာသထံမှ ရေစက်ချတရားနာယူခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)