ဘားအံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ်၊ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များမှ ထမနဲထိုးပြိုင်ပွဲဝင်အသင်းပေါင်း ၅၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က မြန်မာ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်စေရေးနှင့် ကောင်းမှုကုသိုလ်ရရှိစေရေး ရည်ရွယ်၍ တပို့တွဲလရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် ထမနဲထိုးပွဲများ နှစ်စဉ်ကျင်းပခဲ့ကြရာ ကရင်ပြည်နယ်တွင်လည်း အစဉ်အလာမပျက် ထမနဲထိုးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပခဲ့ပြီး ညီညွတ်ခြင်း၊ စည်းလုံးခြင်းနှင့် ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ပေါ်လွင်စေသည့်ပွဲတော်အဖြစ် ဦးတည်ကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၊ ကြီးကြပ်ဒိုင်များက ပြိုင်ပွဲဝင်ရန်သတ်မှတ်နေရာများတွင် နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲ စတင်ယှဉ်ပြိုင်နိုင်ကြောင်း မင်္ဂလာရွှေမောင်းသုံးချက်တီး၍ အချက်ပေးကြေညာခဲ့ပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ရာ ပြိုင်ပွဲဝင်ထမနဲထိုးအသင်းများက အိုးစည်ဒိုးပတ်များတီးမှုတ်ကခုန်၍ ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ကြသည်။
ထိုသို့ယှဉ်ပြိုင်နေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အထိမ်းအမှတ်အနေဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအလိုက် မီးပုံးပျံများ လွှတ်တင်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်သည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ အထူးဆုရရှိသော ပြိုင်ပွဲဝင်ထမနဲထိုး အသင်း ၄၆ သင်းအား ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် ဇနီးတို့က နှစ်သိမ့်ဆု ၁ မှ ၄ အထိရရှိသည့် အသင်းများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တတိယဆုရရှိသည့်အသင်းအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းဘေဘီမြင့်က ဒုတိယဆုရရှိသော အသင်းအားလည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ပထမဆုရရှိသော ပြည်နယ်လမ်းဦးစီးဌာန ထမနဲထိုးအသင်းအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)