မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် တပို့တွဲလပြည့်နေ့၌ ဘုရားအနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ    ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား၌ ဘုရားအနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆိုကြပြီး သံဃာတော်ကိုးပါးအား အမှုထား၍ အလှူရှင်ဖြစ်သည့် မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် မိသားစုဝင်များ၊ ​ဂေါပကအဖွဲ့ဝင်များ၊ ရှမ်းနီတိုင်းရင်းသားရိုးရာယဉ်ကျေးမှုမှ အကအဖွဲ့ဝင်များ၊  ဘုရားဖူးပြည်သူများမှ ဘုရားအနေကဇာတင်ခြင်းနှင့် ဆရာတော်ကြီးများအပါအဝင် သံဃာတော် အပါး(၁၈၀)နှင့် သီလရှင်အပါး(၉၀) စုစုပေါင်း အပါး(၂၇၀)တို့ကို သင်္ကန်း၊ ထီး၊ ဖိနပ်နှင့် အခြားပစ္စည်းများအပါအဝင် ဆွမ်းဆန်စိမ်းလောင်းလှူကြခြင်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဘုရားဖူးမြော်ကြည်ညိုကြရာတွင် အလှူရှင်များနှင့် ဘုရားဖူးပြည်သူများက ပန်း၊ ဆီမီး၊ ရေချမ်းများဆက်ကပ်လှူဒါန်းခြင်း၊ အမွှေးနံ့သာများထွန်းညှိ ကပ်လှူပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ် ခြင်း၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထု‌အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ငါးအစာကျွေးခြင်းနှင့် ရှမ်းနီတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများ ကပြဖျော်ဖြေခြင်းတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း