ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ဆင်စာဘူဖေးကျွေးမှု (၅၈၀)ကြိမ်ရှိ

ညောင်ဦး ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Onlineမှတဆင့် ဆက်သွယ်၍  ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း  ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံကသိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်းမြန်မာပြည် အရပ်ရပ်ရှိဆင်ချစ်သူများကOnlineမှတဆင့်ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျှက်ရှိရာ ကိုဗစ် -၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွေးသူများပြားလာကာ(၅၈၀)ကြိမ်ထိ ဆင်စာဘူဖေး ‌ကျွေးမှုများပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်းကြိုတင်ချိတ်ဆက်မှုများလည်းရှိနေသေးကြောင်း ဆင်စခန်းတာဝန်ရှိသူများထံကသိရသည်။

မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၊ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများအားကျွေးမွေးကြပြီး ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းကြကာတနေ့စာ ဆင်ခုနှစ်ကောင်အတွက်တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်းသိရသည်။

ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့မလာရောက်နိုင်ပါက ဆင်စခန်း Page များမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံလက်ထောက်မန်နေဂျာဖုန်း (၀၉-၇၉၃၈၂၀၅၃၂)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွးမှု (၅၈၀)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း မြို့ပြအခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက်ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ ကူးစက်ကာလ ဆင်စာခက်ခဲလျှက်ရှိကာ တောတောင်ရေမြေသဘာဝအခြေခံဖွင့်လှစ်ထားသည့်ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲကြောင်းလည်းပလင်းကမ်းသာ ယာဆင်စခန်းတာဝန်ရှိသူများကရှင်းပြ၍သိရသည်။

ဒီပါလင်း