ဘားအံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ (၁:၀၀) နာရီ အချိန်ခန့်က လှိုင်ကမ္ဘာ ကျေးရွာအုပ်စု ကော့ဒါန်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းက ကျေးရွာနေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး စစ်ကြောင်း(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးနှံကြစေလိုကြောင်း၊ ကဏ္ဍအလိုက် ချေးယူထားသော ချေးငွေများအား သတ်မှတ်ကာအတွင်း ပေးဆပ်နိုင်ရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းမင်းဌေး က ပြည်သူ့ကာကွယ် ရေးနှင့်ပြည်သူ့ လုံခြုံရေးဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းတင်က ကလေးများ ပညာတတ်ရန်လိုအပ်သဖြင့် မိဘများအနေဖြင့် ကလေးများစာမေးပွဲ ဖြေဆိုရာတွင် အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန်၊ သက်မွေးပညာကျောင်း ဖွင့်လှစ်ထားပြီးဖြစ်၍ သင်ကြားလို့ပါက ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဌာန အလိုက် ဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြမှုအပေါ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)