ရွှေတိဂုံစေတီတော်မြတ်ကြီး (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ၊ ထမနဲဆွမ်းတော် ကြီးဆက်ကပ်လှူဒါန်းပွဲနှင့် ဩဝါဒပါတိမောက်အခါတော်နေ့ အခမ်းအနားကျင်းပ

ရန်ကုန် ဖေ‌ဖော်ဝါရီ ၅

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး၍ (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ဖော်ဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းက ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ညနေ(၄)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်ကျသဘာပတိ ဦးဌေးလှိုင်၊ ဂေါပကအဖွဲ့ဝင် ဦးမင်းလွင်တို့က အခမ်းအနားကို ရွှေကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ပြီး ထမနဲထိုးပြိုင်ပွဲကို စတင် ကျင်းပသည်။

ထမနဲထိုးပြိုင်ပွဲတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ကန်ထရိုက်လုပ်ငန်းအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်း အသီးသီးတို့မှ အသင်းပေါင်း(၂၄) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသည့် ဝတ္ထုကံမြေသာယာရေးဌာနအသင်းကို ဆုတံဆိပ်နှင့် ကျပ်ငွေ (၁၀)သိန်း၊ ဒုတိယဆုရရှိသည့် သီရိသုခအသင်းကို ဆုတံဆိပ်နှင့် ကျပ်ငွေ(၇)သိန်း၊ တတိယဆုရရှိသည့် ဗဟိုသိုလှောင်ရေးဌာနအသင်းကို ဆုတံဆိပ်နှင့်ကျပ်ငွေ(၆)သိန်း၊ စတုတ္ထဆု ရရှိသည့် ဝန်ထမ်းရေးရာနှင့် မှတ်တမ်းဌာနအသင်းကို ဆုတံဆိပ်နှင့် ကျပ်ငွေ(၅)သိန်း၊ ပဉ္စမဆုရရှိသည့် ပြတိုက်ပြခန်းဌာနအသင်းကို ဆုတံဆိပ်နှင့်ကျပ်ငွေ(၄)သိန်း၊ နှစ်သိမ့်ဆုရရှိသည့် ရွှေသစ္စာသာသနာပြုအသင်းကို ဆုတံဆိပ်နှင့်ကျပ်ငွေ(၃)သိန်း အသီးသီးချီးမြှင့် ပေးအပ်သည်။

၁၃၈၄ ခုနှစ် တပို့တွဲလပြည့် ဖေဖော်ဝါရီ ၄ ရက် နံနက်(၅)နာရီတွင် ထမနဲဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲနှင့် ဩဝါဒပါတိမောက်အခါတော်နေ့အခမ်းအနားကို ရွှေတိဂုံစေတီတော် ရင်ပြင် တောင်ဘက်ဧည့်ခံတန်ဆောင်းတွင်ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး စေတီတော်မြတ်ကြီးအား ထမနဲဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ထမနဲဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြပြီး ဩဝါဒပါတိမောက်အခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြော‌ ဆွေး‌နွေးကြသည်။ ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာစုစုပေါင်း(၆၂) ပါးတို့အား ရင်‌ပြင်တော်တောင်ဘက် ဗဟိုမဏ္ဍပ်မှစ၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဦးဆောင်၍ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများနှင့် အလှူရှင်များက ထမနဲဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နံနက်(၇)နာရီတွင် ရင်ပြင်တော်‌မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ရေစက်ချ အနုမောဒနာ အခမ်းအနားကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ထေရဝါဒ‌ဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္က၊ နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ နေနတ်သား ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က နဝင်္ဂသီလခံယူဆောက်တည်ကြပြီး အလှည့်ကျသဘာပတိ ဦးဌေးလှိုင်က ဇေယျမင်္ဂလာ အနုမောဒနာစကား ဖတ်ကြားလျှောက်ထားသည်။ ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များနာကြားပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဓဇဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ရေစက်ချအနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)