မြစ်ကြီးနား ဖေဖော်ဝါရီ ၅
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဘူမိဖဿမုဒြာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ဌာပနာသွင်းလှူဒါန်းပူဇော်နိုင်ရေး ရတနာ ပစ္စည်းများနှင့် အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အံတော်ရှင်တောင်းတန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လှူဒါန်းပွဲတက်ရောက်လာသည့် ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မြတ်သူစိုး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက နမောတဿသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်မိသားစုများ၊ ပြည်နယ်ဥပဒေချုပ်နှင့်မိသားစု၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူးနှင့်မိသားစု၊ ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ စေတနာရှင်အလှူရှင်များက ရတနာပစ္စည်းများနှင့် အလှူတော်ငွေများအား ပေးအပ် လှူဒါန်းရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ယင်းနောက် မြစ်ကြီးနားမြို့ အံတော်ရှင်ကျောင်းတိုက်မှ ကချင် ပြည်နယ်တောင်တန်းသာသနာပြုဗဟိုခေါင်းဆောင် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဉာဏဓဇထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် စေတနာရှင်အလှူရှင်များက ရတနာပစ္စည်းများနှင့် စုစုပေါင်းအလှူငွေ ကျပ် ၄၃၃ သိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်