ဘားအံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် ၂၀၂၀ ခုနှစ် မတ်လမှစ၍ ယာယီပိတ်ထားခဲ့ရသော မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ရာ အဆိုပါတံတားမှတစ်ဆင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းဝင်ထွက်မည့် ခရီးသွားများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ လိုအပ်သည့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်နှင့် တာဝန်ရှိသူများက နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် နှစ်နိုင်ငံဝင်ထွက်သွားလာနေမှုအခြေအနေ၊ ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ စစ်ဆေးဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၌ မြစန္ဒီခန်းမ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ခန်းမတည်ဆောက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာဉ်ရပ်နားရာနေရာများ စနစ်တကျထည့်သွင်းတည်ဆောက်ပေးနိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် နှစ်နိုင်ငံကုန်စည် တင်သွင်း၊ တင်ပို့နေမှုအခြေအနေများ၊ ယာဉ်စစ်ကွင်း(Cargo Terminal)၌ ကုန်ပစ္စည်းတင်သွင်း တင်ပို့မှုအား သက်ဆိုင်ရာဌာနများမှ ကုန်စည်အမျိုးအစားအလိုက် ခွဲခြား စစ်ဆေးဆောင်ရွက်မှု၊ ပို့ကုန်သွင်းကုန် အေဂျင်စီများ၏အေးဂျင့်များမှတစ်ဆင့် ကုန်စည်တင်သွင်း တင်ပို့ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မြဝတီခရိုင် အုပ်ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကုန်စည်စီးဆင်းမှု လွယ်ကူလျှင်မြန်ချောမွေ့စေရေး၊ ကုန်အမျိုးအစားအလိုက် စနစ်တကျစစ်ဆေးဆောင်ရွက်နိုင်ရေး၊ ကုန်လှောင်ရုံ(ဂိုဒေါင်)များအား တစ်ပတ်တစ်ကြိမ် စစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ချစ်ကြည်ရေးတံတား၊ သောင်ရင်းမြစ်ကမ်းပြိုကာကွယ် ရေးလုပ်ငန်း အလျား ၄၀၀ ပေ Gabion Box ကျောက်စီတမံ ဆောင်ရွက်ပြီးစီးမှုနှင့် ကမ်းထိန်းနံရံထပ်မံဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ ကော့ကရိတ်မြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်သော မြဝတီမြို့နယ် သင်္ကန်ညီနောင်ရှိ ၂၃၀ ကေဗွီ မြဝတီ ဓာတ်အားခွဲရုံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဓာတ်အားခွဲရုံမှူးတာဝန်ရှိသူများက ခွဲရုံ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး ခွဲရုံဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)