ထားဝယ် ဖေဖော်ဝါရီ ၅
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ကျောင်းသား/သူ များ၏ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲများတွင် အခြေခံပညာပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက “မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်”၊ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင်၊ သာယာလှပ လူမှုဘဝ”၊ “ငါတို့ရဲ့အနာဂတ် သာယာလှပဖို့၊ မူးယစ်ကင်းစင်ကမ္ဘာ ဖန်တီးစို့”၊ “မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့”၊ “လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ”၊ “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့” “လူသားချင်းစာနာ ကျန်းမာဖို့၊ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” ခေါင်းစဉ်များဖြင့် ပန်းချီအထက်တန်းအဆင့်တွင် (၁၀)ဦး၊ အလယ်တန်း(၁၄)ဦး၊ မူလတန်း(၂၇)ဦး၊ ကာတွန်းအထက်တန်း အဆင့်တွင် (၄)ဦး၊ အလယ်တန်း(၆)ဦး၊ မူလတန်း(၁၃)ဦး၊ ပိုစတာအထက်တန်းအဆင့်တွင် (၃ဦး၊ အလယ်တန်း(၅)ဦး၊ မူလတန်း(၉)ဦး၊ ကွန်ပျူတာပန်းချီ(၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)