လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ တတိယအကြိမ်မြောက် မဟာမြတ်မုနိ နှီးဘုရားပုံတူ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ယနေ့နံနက်(၉)နာရီ အချိန်က တတိယအကြိမ်မြောက် မဟာမြတ်မုနိနှီးဘုရားပုံတူတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသူများက နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး လားရှိုးမြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုရ အဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂမဟာကမ္မဌာနာစရိယ၊ အဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တပုညနန္ဒထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈာယ်သော မေတ္တာသုတ်တရားတော်ကို နာယူခဲ့ကြပြီး မဟာမြတ်မုနိ နှီးဘုရားပုံတူဘုရားကြီးအား ရွှေသင်္ကန်းများ စုပေါင်းပူဇော်ခဲ့ကြသည်။ ယင်းနောက် ကျောင်းဆောင်သစ်ကြီးအတွက် အလှူရှင်၊ စေတနာရှင်များက အလှူငွေများလှူဒါန်းရာ ဆရာတော်ကြီးကိုယ်စား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပေးခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်၀တ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လားရှိုးမြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ စွမ်းဆောင်ရည်ဆုရ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒထံမှ အနုမောဒနာတရားနာကြားခြင်း၊ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက် သွန်းချအမျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်