မိုင်းယောင်းမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ပျော်ရွှင်စွာ ကျင်းပဆင်နွှဲ

မိုင်းယောင်း ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပုဗ္ဗဝိဇယစေတီ ရင်ပြင်တော်တွင် ပျော်ရွှင်စွာ ကျင်းပဆင်နွှဲခဲ့ကြသည်။

ထမနဲထိုးပြိုင်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ထမနဲထိုးပြိုင်ပွဲသည် ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းခြင်း၊ စည်းလုံးညီညွတ်မှုအားကို ဖော်ကျူးခြင်း၊ ဆရာတော်၊ သံဃာတော်များအား ထမနဲဆွမ်းကပ်လှူပူဇော်ခြင်းစသည့် ကုသိုလ်ကောင်းမှုတစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများပါဝင်သောအဖွဲ့ကိုးဖွဲ့မှ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဆုရအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

စိုင်းအောင်ဇော်လင်း