တာချီလိတ်မြို့၌ မြို့ရှောင်လမ်းဖောက်လုပ်ရန် မြယာလျော်ကြေးငွေပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

တာချီလိတ် ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားနှင့် စက်မှုရပ်ကွက်အကြား မြို့ရှောင်လမ်းဖောက်လုပ်ရန် မလွတ်ကင်းသည့် မြေနေရာများအား နိုင်ငံတော်မှမြေယာလျော်ကြေးငွေပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ ၃ရက် မွန်းလွှဲ ၂ နာရီက ခရိုင်စုပေါင်း ရုံးခန်းမှ၌ ပြုလုပ်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြင့် လတ်တလောအခြေအနေတွင် တာချီလိတ်မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန်၊ ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန်၊ မယ်ဆိုင်-မယ်ဟောက်ချောင်းရေအား မြန်မာ-ထိုင်း(၂)နိုင်ငံသာတူညီမျှ ရေစီး ကြောင်းပြောင်းလဲမှု ထိန်းသိမ်းရေး ချောင်းကမ်းပါးတိုက်စား၍ နိုင်ငံတော်ပိုင်မြေဆုံးရှုံးမှု မဖြစ်စေရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်၊ အာဆီယံ Free Trade Zone ဖြစ်ပေါ်လာသည့်အခါ အမှတ်(၂)တံတားမှတစ်ဆင့် မြို့ရှောင်လမ်းအတိုင်းမောင်းနှင်၍ ပြည်တွင်းပြည်ပသို့ ကုန်သွယ်စီးဆင်းမှု လမ်းကြောင်းဖြစ်ပေါ်လာနိုင်စေရန်၊ တာချီလိတ်မြို့တွင်း ဖြတ်သန်းသွားသော ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်၊ လုပ်ငန်းများ အမြန်ဆုံးအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန်၊ လမ်းဖောက်လုပ်ရန် မလွတ်ကင်းသည့်မြေနေရာမှ မြေယာလျော်ကြေးငွေပေးနိုင်ရန် ကျန်ရှိနေသည့် ကိုးဦးနှင့်ပက်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ရာ ပြည်သူများဘက်မှ မြို့ရှောင်လမ်းဖောက်ရန် နေရာတွင်ပါဝင်သည့် ဧရိယာများအလိုက် သင့်တင့်မျှတသည့်နှုန်းထားဖြင့် ပေးလျော်စေလိုကြောင်းနှင့် တောင်သူများမှလဲ နိုင်ငံတော်မှ သင့်တင့်မျှသည့်နှုန်းထားဖြင့် ပေးလျော်ပါက လျော်ကြေးငွေအား ကျေနပ်စွာလက်ခံမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့ရှောင်လမ်းဖောက်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ရက်ကွက်အုပ်ချုပ်ရေးမှူးနှင့် လမ်းအူကြောင်းတစ်လျှောက်ပါဝင်သည့် တောင်သူများက မြေယာလျော်ကြေးငွေ ပေးနိုင်ရေးကိစ္စ တက်ရောက်ညှိနှိုင်းဆွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)