နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

နောင်ချို ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်လူငယ်စကားဝိုင်းအား ဆက်လက်ပြုလုပ်ရာ  Grade-11 မှ မောင်ပြည့်စုံဝင်းက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊မောင်ကောင်းထက်နိုင်က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိမ့်ချမ်းမြေ့က “လူငယ်နှင့် သဘာဝပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချောအိသဇင်က” လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ် စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက်လူငယ်စကားဝိုင်းတွင် တက်ရောက်ဆွေးနွေးပေးကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား လမ်းဦးစီးဌာနမှု ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးကျော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)