အင်တော ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(အုန်းကွဲ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အုန်းကွဲကျေးရွာအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသူနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မေတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှထွေးက ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာရန်၊ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်များ ရင့်သန်ပြီး အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက် ချမှတ်နိုင်ရန်၊ လူအများရှေ့မှောက်တွင် ပြောရဲဆိုရဲသည့်စိတ်နှင့် နှုတ်မှုစွမ်းရည်တိုးတက် ကာ အပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိရန်၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်မောင်စိုးဟိန်းက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမီးမီးခန့် က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မငြိမ်းဝါကျော်က လူငယ်နှင့်နည်းပညာနှင့် မောင်မျိုးထက်က လူငယ်နှင့်အင်တာနက် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသူကျောင်းသူများက သိရှိလိုသည့် မေးခွန်းနှင့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာများနှင့် ကျောင်းသား ကျောင်းသူများက တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)