ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပ

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင်ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်   ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာသရဖူကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယမန်နေ့ နံနက်(၉) နာရီက အဆိုပါကျောင်းမဟာပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စကားဝိုင်းကျင်းပရာ၌ လူငယ်တွေအနေနဲ့ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာ ဗဟုသုတတွေပိုမိုရရှိစေရန် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံသည့်လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာနိုင်ငံတာဝန်များကို ပခုံးပြောင်းတာ ဝန်ထမ်းဆောင်ကြမည့်ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်နှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်နှင့် မဟာသရဖူကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်(စီမံ) ဒေါ်ခင်ခင်ဖြူအောင်တို့က ညှိနှိုင်းရေးမှူး (Moderator)များအဖြစ် ဆောင်ရွက်၍ ဆွေးနွေးပြောကြားသူများဖြစ်သော မဟာသရဖူကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှုအစရှိသည့် ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်အောင်လင်းက လူငယ်စကားဝိုင်း ကျင်းပပေးမှုနှင့်ပက်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

လူငယ်စကားဝိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့မှ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၅)ဦးအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးဌာနာမှ ဒုတိယပညာရေးမှူး၊ မဟာသရဖူကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းတည်ထောင်သူဆရာ၊ ကျောင်းအုပ်(စီမံ)၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား/သူစုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသထားသောလူငယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)