ဇေယျာသီရိ ဖေဖော်ဝါရီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေသင်ဖြူးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးငြိမ်းအေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းလှိုင်၊ ဇေယျာသီရိမြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ဆုရဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပြီး အခမ်းအနားကိုကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့၍အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးငြိမ်းအေး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အဆင့်ဆုရရှိသည့် ကျောင်းသား/သူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအဆင့် လူရည်ချွန်ဆုရကျောင်းသား/သူများနှင့် အားကစားပြိုင်ပွဲဆုရရှိသည့် ကျောင်းသား/သူများ၊ ရပ်မိရပ်ဖအလှူရှင်များ၊ ကျောင်းသား/သူများအား ဆုရရှိအောင်သင်ကြားပြသပေးသည့် ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ယနေ့ပြုလုပ်ကျင်းပသည့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် ကျောင်းသား/သူများ၏ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)