ကွမ်းလုံ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဟိုလီ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူအများနှင့်ဆွေးနွေးသည့် ဆွေးနွေးပွဲများတွင် လူငယ်များ ပါဝင်ဆွေးနွေးနိုင်သည့် အလေ့အထဖြစ်ပေါ်စေရန် လာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကွမ်းလုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရာဇာသန်းဝင်းက အားကစားနှင့် မူးယစ်ဆေး အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး Grade-10 ကျောင်းသား/ကျောင်းသူများဖြစ်သည့် မောင် Mဇောင်းလွမ်း၊ မသဇင်ထက်နှင့် Grade-9 ကျောင်းသား/ကျောင်းသူများဖြစ်သည့် မောင်ဒေါင်ခေါင်၊ မယိမ်းနမ်တို့က လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် Grade-10 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကွမ်းလုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရာဇာသန်းဝင်းက ကျောင်းသား၊ ကျောင်းသူများကို အားကစားပစ္စည်းများဖြစ်သည့် ခြင်းလုံးနှင့် ဘောလုံးများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓာတ်ပုံပြပွဲအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)