ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များကြီးများအသင်းမှ စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာ မှန်ကန်စွာ ဝယ်ယူစားသုံးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် နေရာ(၄) နေရာခွဲ၍ Mobile စနစ်ဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းက ပြည်သူများစားအုန်းဆီကို ဈေးနှုန်းမှန်ကန်စွာနှင့်အလွယ်တကူဝယ်ယူရရှိနိုင်စေရန်အတွက် Mobile စနစ်ဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိရာ၊ ယနေ့တွင် ဘူတာရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ရွာလုကျေးရွာ၊ ပေါက်သစ်ကျေးရွာ တို့တွင် လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရပြီး၊ စားအုန်းဆီတစ်ပိဿာလျက် သတ်မှတ်ရည်ညွှန်းဈေး ၄၉၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် နေရာ(၄)နေရာတွင် စုစုပေါင်း ဆီပိဿာချိန် ၁၂၁၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ အဆိုပါ စားအုန်းဆီရောင်းချပေးရာနေရာများသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူများက ကုန်စည်အရည်အသွေးနှင့်အရေအတွက် တိကျမှန်ကန်မှုရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)