ပိုင်ကျုံ ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.ထ.က ပိုင်ကျုံကျောင်း၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၈ နာရီအချိန်တွင် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အ.ထ.က ပိုင်ကျုံကျောင်းအုပ်ဆရာမကြီးက ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် (၁၀) ဦးနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် (၄) ဦး စုစုပေါင်း (၁၄) ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အ.ထ.က ပိုင်ကျုံကျောင်းတွင် ပညာလေ့လာသင်ယူနေသည့် ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲများနှင့် ပန်းချီပြိုင်ပွဲတို့အပြင် အသိပညာပေး ဟောပြောပွဲများကိုလည်း ဆရာ/မများတို့မှ လစဉ် ဆွေးနွေးဟောပြောလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)