တာမွေ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်နိုင်စေရန်၊ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဉာဏ်စမ်းပြိုင်ပွဲကို တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်မို့မို့အောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဉာဏ်စမ်းပြိုင်ပွဲတွင် ပထမဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)