သီပေါ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနတို့ ပူးပေါင်း၍ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက စားသုံးသူများ၏ အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ဂျူးမီမီအောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပလပ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးအန္တရာယ်၊ ဖြစ်ပေါ်လာနိုင်သည့်ရောဂါများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)