လိပ်သို ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရန်နှင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိပ်သိုမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား ကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ပိုလီယိုရောဂါ၊ မေးခိုင် ရောဂါ၊ ဦးနှောက် တီဘီရောဂါ၊ ဆုံဆို့နာကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အုပ်စုအလိုက် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ သည်။
လိပ်သိုမြို့ ကျန်းမာရေးဌာနအနေဖြင့် လစဉ်လဆန်း(၃)ရက်နေ့တွင် အသက် (၁) အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အပတ်စဉ်သောကြာနေ့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေး လျက်ရှိကြောင်း တာဝန်ရှိသူ ဆရာမတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)