(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ သူများအားဖိတ်ခေါ်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်းနှင့် ရည်ရွယ်ချက်များ၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲအား ဘက်စုံသုံးခန်းမတွင်လည်းကောင်း၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲအား သင်တန်းခန်းမတွင်လည်းကောင်းကျင်းပရာ ကျောင်းသား/သူများက မိမိတို့သက်ဆိုင်ရာပြိုင်ပွဲများတွင် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်း အနားကျင်းပရာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  တွဲဖက်ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်