ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၃
ကျောင်းသားကျောင်းသူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတ ရရှိစေရန်အတွက်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို၊ ယနေ့နံနက်(၉)နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် မွန်းလွဲ(၁)နာရီတွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာဂုဏ်ရောင်ခန်းမ၌ ပြုလုပ်ရာတွင်မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းစိုးက အခြေခံပညာ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် စားသုံးသူရေးရာ ကာကွယ်ရေးဆိုင်ရာများကိုလာရောက်ဟော ပြောရသည့်ရည်ရွယ်ချက်နှင့် စားသုံးသူ များ၏ အခွင့်အရေးဆိုင်ရာများ၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ၊ အစားအသောက်များဝယ်ယူခြင်းမပြုမီ သတိပြုစစ်ဆေးရမည့်အချက်များ၊ ကုန်ပစ္စည်း ထုတ်လုပ်များအနေဖြင့် ကုန်ပစ္စည်း ထုတ်လုပ်ရာတွင် ပါဝင်ရမည့် ရည်ညွှန်းအမှတ်တံဆိပ်များနှင့်အချက်အလက်များ၊ စားသုံးသူများ၏ အငြင်းပွားမှုနှင့် အရေး ယူပိုင်ခွင့်အခွင့်အရေးများ အစရှိသည်တို့ကို Projector ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး၊ ကျောင်းသား/ကျောင်းသူလေးများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စကားဝါခန်းမတွင် ဆက်လက်၍ အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲများဆောင်ရွက်ရာတွင် အမှတ်(၂)အ.ထ.က တွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ ဆရာမများ၊Grade-7 မှ Grade-10 အထိ ကျောင်သား/ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀)ဦး၊ အမှတ်(၁)အ.ထ.က တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၂၃၅)ဦး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းစိုး၊ မြို့နယ် တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့်ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)