မိုးနဲမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်

မိုးနဲ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၌ မွေးစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို သူနာပြုဆရာမများက ယနေ့နံနက် ၈ နာရီအချိန်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မွေးစမှ အသက် (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် (၁)နှစ်ခွဲ အရွယ်ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုထိုးဆေးနှင့် တိုက်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက် ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်နှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာနေ ကလေးငယ်များအား ထိုးနှံ‌ပေးလျက်ရှိကြောင်း၊ (၉)နှစ်နှင့် (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များကိုလည်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို လစဉ် (၃) ရက်နေ့၌ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်လတွင် ကလေးသူငယ်(၁၀၀) ကျော်ကို ကျန်းမာရေးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နံနက် ၈ နာရီမှ ညနေ ၃ နာရီအချိန်ထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)