ဆဒုံး ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အနာဂတ်မျိုးဆက်သစ် ကလေးငယ်များ ကျောင်းအားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိပြီး ကလေးငယ်များစာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင် ဉာဏ်စွမ်းအားများဖြင့် အရာရာကို ဖန်တီးပုံဖော်တတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ယနေ့မွန်းလွဲ (၁) နာရီက မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်၊၊
ရှေးဦးစွာ ပြိုင်ပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက ကလေးငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ နယ်ပယ်အသီးသီးတွင် ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်လာစေရန်၊ အရောင်စပ်နည်းများကို သိရှိစေရန် ရည်ရွယ်ကျင်းပကြောင်း ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲအား စတင်ကျင်းပရာ ကျောင်းသား/ သူ(၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်၊၊
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်းသိရသည်၊၊
ခင်မာဝင်း(ဆဒုံး)