နောင်ချိုမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ပြုလုပ်ဆောင်ရွက်

နောင်ချို ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင်းသဘင်နှင့်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူ များက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ် ပညာရေးမှူး ဒေါ်အေးအေးသင်း၊ ကျောင်းအကျိုးတော်ဆောင် နာယက ဦးကျော်မြနှင့် ဥက္ကဋ္ဌ ဦးထွန်းအောင်တို့က အသီးသီး  အမှာစကားပြောကြားခဲ့ကာ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသိန်းက ကျောင်းကြီး၏ တစ်နှစ်တာလုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီ လှူဒါန်းပေးကြသည့် အလှူရှင်များအားလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊  ကျောင်းအဆင့်ဆင့် တို့တွင် ကာယ၊ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ နယ်မြေခံတပ်နယ်များမှ အရာရှိများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)