မိုးနဲ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးတိုးဝင်းဖေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေတို့က စုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို အထက ပုလဲဆောင်ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းသူလေးများက ဇာတိမာန်တေးသီချင်းနှင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်များ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများ အသန့်ရှင်းဆုံးဆု၊ မြို့နယ်အဆင့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းအုပ်ကြီးများ၊ ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူလေးများအား မိုးနဲတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာအကအလှများ၊ တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဝိုးတောင်း(ပြန်/ဆက်)