သုံးခွမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ အသိပညာ‌ပေးခြင်းများ ဆောင်ရွက်

သုံးခွ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက်  ယနေ့ နံနက် ၁၀ နာရီအချိန်က ရှစ်မျက်နှာဘုရားရှေ့တွင် အသိ‌ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်း ပပျောက်စေရေးအတွက်‌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီး မောင်းနှင်ရန်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ‌ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ လမ်း‌ပြောင်းပြန်မစီးရန်၊ ယာဉ်နှင့်တစ်ပါတည်း ယာဉ်လိုင်စင်များ ယူဆောင်လာရန်နှင့် ခရီးသွားလာရာတွင် အသက်ပြည့်ပြီး သူတိုင်းနိုင်ငံသားကဒ်ကိုင်ဆောင်ပြီးမှ ခရီးသွားလာရန်စသည့် လိုက်နာရမည့်အချက်များ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများသယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်  အများပြည်သူခရီးသွားများ ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် မတော်တဆမှုများ ကင်းရှင်းစေရန် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့၀င်တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းဆိုင်ရာ ယာဉ်အန္တရာယ်ကင်း‌ဝေးစေရေးအတွက် အသိပညာပြောကြားခဲ့ပြီး လက်ကမ်းစာများဖြန့်‌ဝေခဲ့‌ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်