မိုးကုတ် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေလယ် ၂ နာရီအချိန်က မင်းတံတားရပ်ကွက်၊ ရတနာသိဒ္ဓိပရဟိတဂေဟာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အမှာစကား ပြောကြားရာတွင် လူ့ဘဝတွင် ကျန်းမာရေးသည် အဓိကဖြစ်တာကြောင့် ကျန်းမာအောင်နေထိုင်ရန် အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ဖြစ်လာပါက မိမိ၏ စိတ်ကို ပြောင်းလဲစေကြောင်း၊ တိုးတက်ချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်တွေကို လျော့နည်းစေပါကြောင်း၊ ခြေလက်အင်္ဂါတွေကိုပါ ဆုံးရှုံးမှုဖြစ်ပေါ်စေပါကြောင်း၊ လူငယ်များအနေဖြင့် နောင်တစ်ချိန်တွင် အနာဂတ်၏ သားကောင်းရတနာများ ဖြစ်သည့်အတွက် မူးယစ်ဆေးဝါး အန္တရာယ်ကို ရှောင်ရှားရန်လိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးစိုးနိုင်က မြို့နယ်အတွင်း မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါးအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအမျိုးအစားများအကြောင်း၊ တစ်စိတ်တစ်ပိုင်း ပြုပြင်ထားသော မူးယစ်ဆေးဝါးများ အကြောင်း၊ မူးယစ်ဆေးသုံးစွဲပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါ ပရဟိတကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)