ရှမ်းရွာသစ် ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ရှမ်းရွာသစ်မြို့ သန္တိ သုခဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဓမ္မစကူးလ်သင်တန်းတွင် (၁)တန်းမှ(၆)တန်းအထိ အတန်းလိုက်သင်ခန်းစာစာအုပ်များကို ကလေးများ၏ ဉာဏ်ရည်အလိုက် ရဟန်းပညာရှိ၊ လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲ ထားသဖြင့် ကလေးများပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်လာစေမှာဖြစ်ကြောင်း၊ ဓမ္မစကူးလ် ကျောင်းသည် တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာတစ်မနက်သာ တက်ရောက်ရသဖြင့် အတန်းပညာရေးကို အဟန့်အတားမဖြစ်စေသည့်အပြင် ကိုယ်ရောစိတ်ပါ ပြုပြင်ထားသော လူငယ်လေးများ ဖြစ်လာရန် ရည်ရွယ်၍ သင်ကြားရပေးခြင်းဖြစ်ကြောင်း၊ ဓမ္မစကူးလ်သင်တန်းသည် အသိဉာဏ်ပြည့်ဝပြီး တိုင်းပြည်နှင့် လူမျိုးသာသန်ာကို စောင့်ရှောက်ကြမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြရန်အတွက် ကလေးငယ်များ တက်ရောက်ရန် လိုအပ်ကြောင်း စသည်ဖြင့် ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဓမ္မစကူးလ်သင်တန်းတွင် ဆရာ/မ (၆)ဦးမှ ကျောင်းသား/သူ (၉၆)ဦးတို့ကို အပတ်စဉ် တနင်္ဂနွေ နံနက်(၉)နာရီမှ (၁၁)နာရီအချိန်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)