ကွမ်းခြံကုန်း ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှဆရာ/ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့(၁၁၆)ဖွဲ့ဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံ ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့များက မိမိတို့တာဝန်ကျသည့် ရပ်ကွက်/ကျေးရွာများတွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆွေနွယ်(IPRD)