ရှမ်းရွာသစ် ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ် ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “အသိနှင့်ပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များက စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့်အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အသိနှင့်ပညာစာအုပ်တွင်ပါရှိသည့် ပညာသည်အသိကိုကျော်လွန်ပြီးနောက် တစ်ဆင့်ထွင်းဖောက်မြင်ခြင်း၊ ဖန်တီးတီထွင်နိုင်ခြင်းဖြစ်ကြောင်း၊ အသိကိုပညာဟုထင်ပြီး ရပ်နေလျှင်မှားပြီ။ ပညာသည်တွေးခေါ်မြော်မြင်မှရနိုင်ပြီး ကိုယ်ပိုင်အသိကမှ ပညာ၊ စာသိမဟုတ်ကြောင်း၊ ပညာသည် ရသသဘောကိုယ်တိုင်ခံစားရမည်ဖြစ်ကြောင်း၊ အသိကိုအခြေခံ၍ ပညာရအောင်၊ ပညာပြည့်ဝအောင်အားထုတ်ရမှာဖြစ်ကြောင်း စသည့်စာအုပ်တွင်ပါရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို စာပေချစ်သူများအချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး