မြစ်သား ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့၊ မြို့မစျေးအတွင်း၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက အဆိုပါ စျေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးမှူး ဦးစောလွင်အေးမှ စျေးအတွင်း မီးဘေးလုံခြုံရေး လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း ၊ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရှိရန်တို့ကို ပညာပေးဟောပြောခဲ့ပြီး မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုမှု မီးငြိမ်းသတ်နည်းကို ရှင်းလင်းပြသကာ လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့သည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ပုံကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းများနှင့် စျေးသူ၊စျေးသားများက ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းနှင့် လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်၊ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးမှူး ဦးစောလွင်အေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုဝင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
သီတာအောင်(မြစ်သား)