ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အဏ္ဏဝါ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က အသိပညာပေး Talk Show ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ထူးနဒီနိုင်က အဏ္ဏဝါ ပတ်ဝန်းကျင်တွင် ကမ္ဘာ့သမုဒ္ဒရာများ ၊ ပင်လယ်များနှင့် ထိစပ်လျက်ရှိသည့် ကမ်းရိုးတန်းဒေသများကိုဆိုလိုကြောင်း၊ အဏ္ဏဝါပတ်ဝန်းကျင်ကြောင့် လူသားများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လိုအပ်သည့် အစားအစာများ၊ အသုံးအဆောင်များ ၊ ဆေးဝါးများ ၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေများကို ထုတ်လုပ်ပံ့ပိုးပေးကြောင်း ၊ အဏ္ဏဝါ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် လူသားတို့အတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်‌စေနိုင်ကြောင်းနှင့် အဏ္ဏဝါ ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်ရမည့်  အချက်များအား အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)