ကျောက်ဆည် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စမုံ၊ ပန်းလောင်၊ ဇော်ဂျီ မြစ်ကမ်းဘေးရှိ သဲနုန်းမြေများနှင့် ရေလွယ်ကူသည့် စိုက်ပျိုးမြေများတွင် ကာလတိုဟင်းသီး၊ ဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသူများနေ့စဉ် ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရောင်းချသည့် သီးနှံအများစုမှာ ဘူး၊ ရုံးပတီ၊ ခရမ်း၊ ကျောက်ဖရုံ၊ ငရုတ်၊ မုန်လာ၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ရွှေဖရုံ၊ သခွါး၊ တိုင်လွတ်ပဲ၊ တိုင်ထောင်ပဲ၊ ခဝဲ၊ နံနံ၊ ဆူးပန်း၊ဆလပ်၊ မုံညင်း၊ ပူစီနံ၊ ပင်စိမ်း၊ ခွေးတောက်စသည့် သီနှံများဖြစ်ကြောင်းသိရှိရကာ စိုက်ပျိုးရောင်းချမှုများနှင့်ပတ်သတ်ပြီး “သွင်းအားစုနှင့် လူငှားစရိတ်သက်သာရေး မိသားစုလုပ်အားနှင့် ဟင်းသီး၊ဟင်းရွက်မျိုးစုံအား တစ်နိုင်တစ်ပိုင်ဘဲ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ဟင်းသီး၊ဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချခြင်းသည် နေ့စဉ်ဝင်ငွေရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း” ရန်ပုံနှစ်ကျေးရွာမှ ဟင်းသီး၊ဟင်းရွက်မျိုးစုံ စိုက်ပျိုး ရောင်းချသည့် ဦးတင်ထွန်းက ပြောပြ၍ သိရသည်။
ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး စားဝတ်နေရေးအဆင်ပြေစေရေး မိသားစုတစ်နိုင်တစ်ပိုင်လုပ်အားဖြင့် ကာလတိုဟင်းသီးဟင်းရွက် သီးနှံများကို ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)