ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ

လောက်ကိုင် ဇန်နဝါရီ ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ရှမ်းပြည်နယ်(‌မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ကဇာတ်ရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး သီရိပျံချီ ဦးမြင့်ကြိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည် အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သည့် ကတ်ပြားတစ်ခုဖြစ်ပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်းကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။                     ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင် စုလူဦးရေစာရင်း ၂၀၀ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၀၀ ကတ်တို့ကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ “ဝ” တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌတို့မှ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များထံ ပေးအပ်ကြသည်။

ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအပေါ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ လောက်ကိုင်မြို့နယ်မှ ဒေသခံတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)