လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

လိပ်သို ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ လုံခြုံစိတ်ချရသောပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် လေထုညစ်ညမ်းမှုအကြောင်းသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ သစ်ပင်သစ်တော၏အရေးပါပုံများအကြောင်း၊ သဘာ၀ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီးကိုထိန်းသိမ်းပါ၊ လူရဲ့အကောင်းဆုံးမိတ်ဆွေဟာသစ်ပင်ပါ၊ သစ်ပင်တွေဟာ နည်းမျိုးစုံနဲ့ရေကိုထိန်းသိမ်းပေးကြောင်း၊ သစ်တောတွေဟာ ကမ္ဘာမြေရဲ့အဆုတ်ပင်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာ၀ပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းကြစို့ အသိပညာပေးနံရံကပ်စာစောင်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ဆောင်ရွက်ထားရှိမှုများကိုပြသရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်