ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တာချီလိတ်ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

တာချီလိတ် ဇန်နဝါရီ ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ၈ နာရီအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းယုနှင့် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ တာချီလိတ်၊ ကျိုင်းလပ်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးဦးရဲတင့်က နိုင်ငံဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် မိမိတို့ဘဝတိုးတက် ကောင်းမွန်သော ရိုးသားကြိုးစားသည့် နိုင်ငံဝန်ထမ်းကောင်းများဖြစ်ရန်လိုအပ်ကြောင်း၊  မကြာမီ နွေရာသီကျောင်းပိတ်ရက် ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအနေနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် လူငယ်အခြေပြုအသိပညာပေးလုပ်ငန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးရန်နှင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များဖြစ်ပေါ်လာစေရန် လူငယ်အသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ခရိုင်ပြည်သူ့စာကြည့်တိုက်၊ ပြတိုက်ငယ်နှင့် ကလေးစာဖတ်ခန်း ခင်းကျင်းဆောင်ရွက်ထားရှိမှုများနှင့် တာချီလိတ်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တာလေမြို့နှင့် မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားကာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးလတ် (ပြန်/ဆက်)