သန်လျင် ဇန်နဝါရီ ၁၆
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။
သန်လျင်ခရိုင် ခရိုင်အဆင့်မြေပြင်လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းသည် အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းမိုးနိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူ ဦးဇော်မင်းထိုက်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေလဲ့ဝါသွေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်မြို့နယ် ပဲခူးစုရပ်ကွက်၊ ဘုရားကုန်းကျေးရွာအုပ်စုနှင့် လက်ယက်စမ်းကျေးရွာ အုပ်စုများအတွင်း မြေပြင်လူဦးရေစာရင်းကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများအားလိုက်လံကြည့်ရှုကြရာ သန်လျင်မြို့နယ် Working Group မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်ကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများက လက်တွေ့တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှုများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် သန်လျင်ခရိုင် မြေပြင်လူဦးရေစာရင်းကောက်ယူရေးခရိုင်အဆင့်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး သတ်မှတ်ရက်အတွင်း မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းများ မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
သန်လျင်မြို့နယ်အတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းအား ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ကော်မတီဝင်များက ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့ထိ ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၈)အုပ်စုရှိ ကျေးရွာပေါင်း(၅၇)ရွာတို့တွင် ကောက်ကွက်(၂၄၂)ဖွဲ့တို့က ကွင်းဆင်းကောက်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)