ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ

ဟိုပုံး ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်နယ် အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဝါး အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က နောင်တောင်း ပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး‌‌ပေးရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်ခင်မာအေးက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေနဲ့ ရှမ်းပြည်နယ်အစိုးရရဲ့ ဘဏ္ဍာငွေ‌ အထောက်အပံ့ဖြင့် ကျောင်းပြင်ပမှာရောက်ရှိနေတဲ့ကလေးတွေကို မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင် ငွေတိုးတက်စေရေး၊ အန္တရာယ်ရှိသော အလုပ်အကိုင်များမှ ကလေးအလုပ်သမားများပပျောက်စေရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သက်မွေးသင်တန်းတွေကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget ဖြစ်တဲ့ (၆)လတာ ကာလအတွင်းသက်မွေးသင်တန်း(၆)မျိုးမှ သင်တန်းသား(၁၂၅)ဦးကို သက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပြီး အလုပ်အကိုင်တွေကို ရှာပေးနိုင်ခဲ့ကြောင်း၊ ကလေးသူငယ်များဟာ နိုင်ငံတော်အတွက် ‌ကောင်းမွန်တဲ့လူသားအရင်းအမြစ်တွေဖြစ်ပါကြောင်း၊ ကလေးသူငယ်တွေရဲ့ ကောင်း မွန်တဲ့ အနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုများနဲ့ ကလေးသူငယ်တွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ဆက်စပ်နေပါကြောင်း၊ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေတဲ့ ကလေးတွေကို သက်မွေးပညာရပ် တွေမှာ တတ်မြောက်အောင်မြင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေရရှိကာ မိသားစုဝင်ငွေ တိုးတက်စေဖို့ သက်မွေးသင်တန်းတွေဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် စားစရိတ်များထောက်ပံ့ပေးအပ်ပြီးနောက် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက သင်တန်သား၊ သင်တန်း သူများအတွက် သင်တန်းသုံးအထောက်အကူ ပစ္စည်များအသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို ဇန်နဝါရီလ(၁၆)ရက်နေ့မှ ဇန်နဝါရီလ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)