ပုဇွန်တောင် ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို အမှတ်(၃)ရပ်ကွက်၊ အဏ္ဏဝါအောင် ရေခဲနှင့်ငါးလုပ်ငန်းရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဇွန်တောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က ကမ္ဘာနှင့်မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပြသနာသည် ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမသုံးစွဲမှသာ လူငယ်များ၏ အနာဂတ်ဘဝ ကောင်းမွန်လှပမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားစေလိုကြောင်းနှင့် မိမိဘဝ မိသားစုဘဝလှပစေရေးအတွက် မူးယစ်ဆေးဝါးမသုံးစွဲခြင်းဖြင့် ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်ကာ ဘဝလှပစေရေးအတွက် အလုပ်ကြိုးစားစေလိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်လွင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ နှင့် မှုခင်းများမဖြစ်ပေါ်စေရေးအတွက် ကံငါးငါးကို စောင့်ထိန်းခြင်းဖြင့် ရှောင်ကြဉ်ကြရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်အသိညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ အဏ္ဏဝါအောင် ရေခဲနှင့်ငါးလုပ်ငန်းမှ ဒါရိုက်တာ ဦးဇာနည်မောင်၊ မန်နေဂျာ ဦးစည်သူနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ဟန်စုယဉ်