ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါမဖြစ်ပေါ်စေရေးအတွက် Mask များအခမဲ့ဖြန့်ဝေ

ပိုင်ကျုံ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လူသွားလာများသည့်နေရာများ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုကိုကာကွယ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Mask များ အခမဲ့ဝေငှပေးခဲ့ပြီး အများပြည်သူများ သိသင့်သိထိုက်သော ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား တာဝန်ရှိသူများတို့မှ အသိပညာပေးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ရောဂါမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ထိုးနှံပေးသည့်အပြင် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာများပူးပေါင်း၍ အပတ်စဉ် တနင်္လာနေ့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး