နေပြည်တော် ဇန်နဝါရီ ၁၄
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနား တက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအား အပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်းမာရေး အခြေအနေ အရ အဝေးရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့ များအား အဝေးရောက်လက်ခံယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များရှိရာ နေရာများသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ပြီး လက်ခံယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက် ချီးမြှင့်အပ်နှင်းသည်။
ထိုသို့ ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်က ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးသိန်းအောင် (ကိုယ်စား) ဇနီး ဒေါ်စန်းစန်းလွင်အား ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပျဉ်းမနားမြို့နယ်ရှိ မြို့မဈေး၊ အာဟာရသုခဈေးနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ သပြေကုန်းဈေး၊ နေပြည်တော် မြို့မဈေးများသို့ သွားရောက်၍ ဈေးအဆောက်အဦများ ကြံခိုင်မှု အခြေအနေ၊ ဈေးရုံသစ်တည်ဆောက်မှု အခြေအနေများ၊ ပြည်သူများ ဈေးရောင်းချဝယ်ယူမှု အခြေအနေ၊ ဈေးများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဈေးများအတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ သန့်စင်ခန်းများ အမြဲတမ်းသန့်ရှင်းနေစေရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်တော်သို့ရောက်ရှိကာ ကန်တော်ပတ်ဝန်းကျင် လျှောက်လမ်းများ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ လိုက်ပါလျက် ပျဉ်းမနား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာ တွင် နေပြည်တော်တွင် Green City၊ Clean City၊ Smart City၊ များကို ဆောင်ရွက်နေ လျက်ရှိကြောင်း၊ စိုက်ပျိုးရေးများကို အထွက်တိုးကောင်းအောင် စနစ်တကျ စိုက်ပျိုးစေလိုကြောင်း၊ MSME နှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းများထက် တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ ပညာရေးမြို့တော်အဖြစ် ဆောင်ရွက်ရာတွင် အားလုံးကြိုးစား ဆောင်ရွက်စေ လိုကြောင်း၊ သန့်ရှင်းသာယာလှပရေးကို ဌာနဆိုင်ရာများအားလုံးက အလေးထား ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးက ဒေသဆိုင်ရာ အချက်အလက် များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ပျဉ်းမနားခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရုံးပတ်ဝန်းကျင်အတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
အလားတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဒေသဆိုင်ရာ အချက် အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရုံးပတ်ဝန်းကျင်အတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)