နည်းပညာတက္ကသိုလ်(မြိတ်)တွင် မြေယာလျော်ကြေး၊ သီးနှံနစ်နာ‌ကြေးနှင့် ‌အဆောက်အဦနစ်နာကြေး ပထမအကြိမ်တောင်သူ(၁၉)ဦးအား  ကျပ်သိန်း(၂၁၀၀)ကျော်ပေးအပ်

မြိတ်   ဇန်နဝါရီ   ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ‌ကဘင်းကျေးရွာရှိ နည်းပညာတက္ကသိုလ်(မြိတ်) မြေဧရိယာတွင်ပါဝင်သည့် တောင်သူများအား မြေယာလျော်ကြေး၊ သီးနှံနစ်နာကြေးနှင့် အဆောက်အဦနစ်နာကြေး ပထမအကြိမ် ကျပ်သိန်း(၂၁၀၀)ကျော်ကို ဇန်နဝါရီ(၁၄)ရက်နံနက်ပိုင်းက တက္ကသိုလ်အစည်းအဝေးခန်းမ၌ တောင်သူ(၁၉)ဦးအား တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

 “နည်းပညာတက္ကသိုလ်(မြိတ်)၏ မြေဧရိယာ(၉၀.၃၈)ဧကအတွင်းမှာ တောင်သူ(၃၅)ဦးနှင့် အဆောက်အဦ(၅၅)လုံးပါဝင်ခဲ့ပြီး တောင်သူတွေကို မြေယာလျော်ကြေး၊ သီးနှံနစ်နာကြေးနှင့် အဆောက်အဦနစ်နာကြေးအဖြစ် နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုး၍ ပထမအကြိမ်ကျပ်သိန်း(၂၁၀၀)ကျော်ပေးအပ်တာဖြစ်ပါတယ်။ ကျန်ရှိတဲ့တောင်သူတွေကိုလည်း လျော်ကြေးနစ်နာကြေးပေးချေနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု  နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်စိုးလွင်က ပြောသည်။

တက္ကသိုလ်မြေဧရိယာအတွင်း ပါဝင်လျက်ရှိသောတောင်သူများအား မြေယာလျော်ကြေး၊ သီးနှံနစ်နာကြေး၊ အဆောက်အဦနစ်နာကြေးများကို ပိုင်ဆိုင်မှုမှန်ကန်သည့် မြေဧကများအရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စစ်ဆေးအတည်ပြု တွက်ချက်မှုတန်ဖိုးအတိုင်း ငွေပေးချေဆောင်ရွက်ခြင်းဖြစ်ပြီး မြေဧရိယာများအား ပညာရေးနှင့်တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်  တက္ကသိုလ်နှင့်လိုက်လျောညီထွေစွာဖြင့် ဆက်လက် တည်ဆောက်မည့် အဆောက်အဦများအား Master Plan ရေးဆွဲ၍ လျာထားချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြေယာလျော်ကြေး၊ သီးနှံနစ်နာကြေးနှင့် အဆောက်အဦနစ်နာကြေးပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးသောင်းအေးက အမှာစကားပြောကြားပြီး တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်စိုးလွင်က လျော်ကြေး၊ နစ်နာကြေး ပေးချေရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြေယာလျော်ကြေး၊ သီးနှံနစ်နာကြေး၊ အဆောက်အဦနစ်နာကြေး ပထမအကြိမ်အဖြစ် (၂၁၀၁,၇၈,၂၂၀)ကျပ်ကို တက္ကသိုလ်မြေဧရိယာအတွင်းပါဝင်လျက်ရှိသော တောင်သူများမှ(၁၉)ဦးအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူဦးနိုင်ဇော်လင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )