ပင်လောင်း ဇန်နဝါရီ ၁၄
မူးယစ်ဆေးဝါးကြောင့် လူငယ်လူရွယ်များလမ်းမှားမရောက်စေရန်နှင့် မူးယစ်စေတတ်သည့်ဆေးဝါးများရှောင်ကျဉ်ပြီး မသုံးစွဲမိစေရန်အတွက်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အထက(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးစီက အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ(၃)ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးထွန်းလင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာနှင့်မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ရှားကြစေကွယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသည့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရရှိလာသည့် ဆိုးကျိုးရောဂါလက္ခဏာမှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားသွားခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်