သီပေါ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ (၄၆)ကြိမ်မြောက် ကာယ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ် အားကစားကွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ၊ ယုန်ခုန်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် ဖိနပ်ရွေးပြိုင်ပွဲစသည့် ပြိုင်ပွဲများကို ကလေးငယ်များက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသော ကလေးငယ်များအား ၂၀၂၃ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနား၌ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲများ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးငယ်များ ကျန်းမာကြံ့ခိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အားကစားကို စိတ်ပါဝင်စားတတ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအုပ် ဒေါ်နန်းမြသိန်း ပြောကြားခဲ့ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)