မက်မန်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသားလူငယ်များအနေဖြင့် ဝိုင်းဖွဲ့ဆွေးနွေးအဖြရှာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်မောင်မယ်များ၏ အတွေးအခေါ်ဗဟုသုတများတိုးပွားရေး၊ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ လူငယ်နှင့်အားကစား စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်များ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်အားကစားများများပေါ်ထွန်းလာရေး၊ ကျောင်းသားကျောင်းသူများအနေဖြင့် အားကစားစိတ်ဓာတ်များ နိုးကြားရှင်သန်ရေးစသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဖိတ်ကြားထာသည့် အခြေခံပညာအထက်တန်းကျောင်း(မက်မန်း)မှ ကျောင်းသားကျောင်းသူများကဦးဆောင်၍ ကျောင်းသားကျောင်းသူများအနေဖြင့် အားကစားကို အစဉ်အမြဲလေ့ကျင့်ဆောင်ရွက်ရေး၊ ကျောင်းသားလူငယ်အသင်းများပေါ်ထွန်းလာရေး၊ အားကစားကို လူငယ်များလေ့လာလိုက်စားရေး၊ လူငယ်များကိုယ်လက်ကြံ့ခိုင်ရေးများကိုဆွေးနွေးခြင်း၊ ကွန်ဟောင်းကျေးရွာလူငယ်များအနေဖြင့် ရပ်ကွက်/ကျေးရွာများအလိုက် အားကစားများပေါ်ထွန်းလာရေး၊ လူငယ်များ၏ အားကစားတွင် စိတ်ပါဝင်စားစွာပါဝင်လာရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေးစသည့် အားကစားနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။
အဆိုပါ လူငယ်နှင့် စကားဝိုင်းဆွေးနွေးပွဲသို့ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ(၂၅)ဦး၊ ကွန်ဟောင်းကျေးရွာမှ လူငယ်မောင်မယ်(၂၅)ဦး၊ စုစုပေါင်း(၅၀)ဦးတက် ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)