ပူတာအိုမြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဇန်နဝါရီ  ၁၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တိကျမှန်ကန်သော လူဦးရေစာရင်းများ ရရှိရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦး ခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များက ပူတာအိုမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ကောင်ကထောင်ရပ်ကွက်နှင့် ဟိုခိုရပ်ကွက်များတွင် အမှန်တကယ်မြေပြင်ရှိ အိမ်ထောင်စုလူဦးရေ စာရင်း(၆၆/၆)၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် EID စနစ်တွင် ထည့်သွင်းထားသည့် အချက်အလက်များမှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း လက်တွေ့တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခရိုင်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ပူတာအိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုတို့တွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များပူးပေါင်း၍ စာရင်းကောက်ယူရေးအဖွဲ့(၂၅)ဖွဲ့ဖြင့်ကွင်း ဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)